ရွှေကျင် မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ အဖွင့်အမှာစကား ပြောကြားရာတွင် တောင်သူများအနေဖြင့် ချေးငွေများ စိုက်ပျိုးရာသီအချိန်မှီ ထုတ်ချေးနိုင်ရန်အတွက် ကြွေးကျန်များ အချိန်မှီပေးဆပ်ကြရန်နှင့်ချေးငွေများကို လယ်ယာလုပ်ငန်းတွင်အကျိုးရှိစွာ အသုံးပြုရန် အလေးထားမှာကြားခဲ့ပြီး ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဒေါ်ရီရီဝင်းမှ ချေးငွေစည်းကမ်းသတ်မှတ်ချက်နှင့် ချေးငွေမူစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခြေတော်ရာကျေးရွာအုပ်စုမှ တောင်သူ(၆၈)ဦး၏ လယ်ဧကပေါင်း (၄၁၀)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ချေးငွေပေါင်း ကျပ်သိန်း(၆၁,၅၀၀,၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအေးချမ်းအောင်၊ အဖွဲ့ဝင်ဦးကျော်တိုးနှင့်တာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)