မုံရွာ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် ယူရီးယားမြေဩဇာပေးအပ်ပွဲ အခမ်းအနားနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မုံရွာမြို့နယ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်အဖွဲ့ ဉက္ကဋ္ဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးလှဝင်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းမြင့်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူများအတွက် တောင်သူနည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သီးနှံမျိုးစေ့များပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မုံရွာခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဉက္ကဋ္ဌ ဦးဇော်တင်မိုးက မရိုးတောကျေးရွာ တောင်သူများအတွက် နေကြာ(ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်များကို လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး သောင်းညွန့်က လယ်ဇင်ကျေးရွာ တောင်သူများအတွက် ပိုက်ဆံလျှော်မျိုးစေ့ထုတ်များကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းမြင့်က သစ်ညိုပင်ကျေးရွာ တောင်သူများအတွက် ချည်မျှင်ရှည်ဝါ သီးနှံမျိုးစေ့ထုတ်များကိုလည်းကောင်း၊ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးလှဝင်းအောင်က အိုးဘိုတောင်ရပ်ကွက်ရှိ တောင်သူများအတွက် နေကြာ(ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်များကို လည်းကောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တက်ရောက်လာကြသော ကျေးရွာ(၁၅)ရွာမှ တောင်သူများအတွက် နေကြာမျိုးစေ့များ၊ ဂျစ်ပဆန် မြေဩဇာများ၊ ယူရီးယားမြေဩဇာများကို လည်းကောင်း အသီးသီးပေအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများအား စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ လက်ထောက်ဦးစီးမှူးဖြိုးဝေမှ စပါးခွံပေါင်းခံရည် ထုတ်လုပ်ခြင်း နည်းပညာအား လက်တွေ့ သရုပ်ပြသရှင်းလင်းမှုအား မုံရွာခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဉက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များနှင့်အတူ တောင်သူများက ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားပေးခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများနှင့်အတူ EM ဘိုကာရှိ အကြောင်း သိကောင်းစရာများ၊ သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာများနှင့် စားသုံးသူဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို စားသုံးနိုင်ရေးအတွက် နေကြာစိုက်ဧက တိုးချဲ့ စိုက်ပျိုးသွားနိုင်ရေးနှင့် ဆောင်းနေကြာစိုက်ပျိုးရာသီအတွက် မျိုးစေ့လုံလောက်ရန် နေကြာ မျိုးစေ့ထုတ်စိုက်ဧက (၂၅၀) စိုက်ပျိုးသွားနိုင်ရန် နှင့် မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော မရိုးတောကျေးရွာ တောင်သူ ဦးကျော်ထွန်းက “အခုလို တောင်သူများအတွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်တဲ့အတွက် တောင်သူများ၏ မျိုးစေ့ဝယ်ယူရမှု အခက်အခဲများကို ကျော်လွှားနိုင်မှာဖြစ်ပြီး အမှန်တကယ်စိုက်ပျိုးအောင် လုပ်ဆောင်ပေးတဲ့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကို များစွာမှ ဝမ်းမြောက်ကျေးဇူး တင်ရှိပါတယ် ”ဟု ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပိုက်ဆံလျှော်မျိုးစေ့ နှင့် ယူရီးယားမြေဩဇာ များကို ပေးအပ်ခဲ့ရာတွင် မုံရွာမြို့နယ်ရှိ ကြီးအုပ်၊ သစ်ညိုပင်၊ မုံရွေး၊ တဲကြီးကုန်း၊ လယ်ဇင်၊ မြေနဲ၊ အောက်စိန်တော၊ ကြေးမုံ၊ အိုးဘိုတောင် ၊ မရိုးတော၊ ဖန်ခါးကျင်း၊ ကြာပိုင်၊ သမန္တာ နှင့် ဇီးကျွန်း/ပုလ္လင် စသည့် ကျေးရွာ(၁၅)ရွာမှ တောင်သူ (၅၁) ဦးအတွက် နေကြာ(ဆင်းရွှေကြာ-၂) ၂၀၄(ဧကစာ)၊ ချည်မျှင်ရှည်ဝါ ၁၅၀(ဧကစာ)၊ ပိုက်ဆံလျှော်မျိုးစေ့၂၂.၅(တင်း)၊ နေကြာ(စပ်မျိုး-၁)၇၀(ဧကစာ)၊ ဂျစ်ပဆန်မြေဩဇာ (၅၀)အိတ်တို့အား အသီးသီး ထောက်ပံပေးအပ်ခဲ့ကြောင်းနှင့် ယူရီးယား မြေဩဇာ(၅၀၀)အိတ်အားလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင့်တော်သော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် မုံရွာမြို့နယ်အနေဖြင့် နေကြာ (၁၀၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ပိုက်ဆံလျှော်(၆၀)ဧကကို ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)