ဇီးကုန်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အမှတ်(၅)ရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ အုပ်စုများ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များ အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ