ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံမိုးကြိုနေကြာ စတင်စိုက်ပျိုး

ပေါက်ခေါင်း မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌  မိုးရွာသွန်းပြီး  မြေအစိုဓာတ်ရရှိသောကြောင့် စောကဲကျေးရွာ၊ တောင်သူဦးဝင်းမောင်‌ ၏ လယ်ယာမြေ (၂) ဧကတွင် ဆီထွက်သီးနှံ မိုးကြိုနေကြာကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ ယာ၊ ကိုင်းကျွန်းများတွင် (၁၀၅) ဧကခန့် စိုက်ပျိုးထားရှိရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံနေကြာစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များကို ထောက်ပံ့ပေးပြီး၊ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်း စနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး နိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်း ဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)