မကွေးပညာရေး ဒီဂရီကောလိပ် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) ကျောင်းသား/သူများအား ကြိုဆိုပွဲအခမ်းအနား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

မကွေး မေ ၂၀

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) ကျောင်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က ကြိုဆို အမှာစကားပြောကြားရာ ပညာရေးဒီဂရီကောလိပ်မှာ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများသည် ပညာရေးဒီဂရီကောလိပ်မှ (၄)နှစ်ပြီးမြောက်သောအခါ B.A (Education) နှင့် B.SC (Education) ဆိုတဲ့ ပထမဘွဲ့ကို ရရှိမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများကိုယ်တိုင် အရည်အချင်းပြည့်ဝစေရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အသိပညာ ဗဟုသုတများ၊ ခံယူချက် သဘောထားများ ပြည့်စုံနေဖို့ လိုအပ်သလို ပညာရေးသဘော တရားနှင့်စီမံခန့်ခွဲမှု ဘာသာရပ်များ၊ သင်ပြနည်းဘာသာရပ်များသည်လည်း အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးမည့် ပညာရပ်ရေးဆိုင်ရာ ဘာသာရပ်များ သင်ပြနည်းစနစ်များ နည်းပညာဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး မိမိ၏အရည်အသွေးမြှင့်တင်၍ ၂၁ ရာစု၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အနာဂတ် မျိုးဆက်သစ်သားကောင်းသမီးကောင်းများကို မွေးထုတ်နိုင်ပေးနိုင်သော ထူးချွန်ထက်မြက်သည့် ဆရာကောင်းဆရာမွန်များ ဖြစ်အောင်ကြိုးစားအားထုတ်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ်‌ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ အခြေခံ ပညာကဏ္ဍ ပညာ‌ရေးမြှင့်တင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည်မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်များကို စနစ်တကျသင်ကြားပြသနိုင်မည့် ဆရာ/မ များကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းကာလအနေဖြင့် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်ဖြစ်သည့်အတွက် ပညာသင်ကာလ (၄)နှစ် တက်ရောက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သူများက သီဆို ဖျော်ဖြေခဲ့ကြောင်းသိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မကွေးမြို့ တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့တွင်စိုက်ထူထားသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ‌ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်