ရေနံချောင်း မေ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီက ရေနံချောင်းတက္ကသိုလ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရေနံချောင်းတက္ကသိုလ်မှာ ပထမနှစ်ကျောင်းသား ကျောင်းသူများအဖြစ် ပညာသင်ယူကြမယ့် မောင်မယ်သစ်လွင်များကို ကြိုဆိုတဲ့အခမ်းအနားဖြစ်လို့ လွန်စွာမင်္ဂလာရှိတဲ့ အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ်မှာ တက္ကသိုလ်နယ်မြေကို စတင်ခြေချခွင့်ရတဲ့ မောင်မယ်သစ်လွင်အပေါင်းလည်း မိမိတို့ရဲ့ အစ်ကို အစ်မ ကျောင်းသားကြီးများနဲ့အတူ ပညာဆည်းပူးခွင့်ရကြတော့မှာဖြစ်ကြောင်း၊ ပညာရပ်အသီးသီးကို လေ့လာသင်ယူကြမယ့် မောင်မယ် သစ်လွင်များကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကိုယ်စား၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ပညာတတ်ရုံ သာမက ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ စတဲ့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ ဘွဲ့ရမောင်မယ်များအဖြစ် မှတ်တမ်းတင်ခံနိုင်ဖို့ ကြိုးစားသွားကြစေလိုကြောင်း စသည်ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က မောင်မယ်သစ်လွင်များအား ကြိုဆိုစကား ဆက်လက်ပြောကြားပြီး ပါမောက္ခ(ဌာနမှူး)များက ဘာသာရပ်ဆိုင်ရာ သင်ခန်းစာအကျဉ်းချုပ်ကို မိတ်ဆက်ခြင်းကိုလည်းကောင်း ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး ဘာသာရပ်ဌာနအလိုက် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် တက္ကသိုလ်များအား ပညာရေးဝန်ကြီးဌာ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ သင်တန်းနှစ်အသီးသီးကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်