ပြည်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

ပြည် မေ ၂၀

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး ဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာနမှူးနှင့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ပထမဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က “ယနေ့မျက်မှောက်ကြုံတွေ့နေရတဲ့ ခေတ်သည် ပညာခေတ်ဖြစ်ကြောင်း၊ ပညာခေတ်ဖြစ်တာနှင့်အညီ အရာရာကို ပညာဖြင့်သာ ဆုံးဖြတ်ပါကြောင်း၊ လူတစ်ဦး တစ်ယောက်ချင်းမှသည် နိုင်ငံတစ်နိုင်ငံအထိ ဖွံ့ဖြိုးတိုးတက်မှုကို ပညာနဲ့သာ တိုင်းတာကြပါကြောင်း၊ ပညာရပ်တွေဟာလည်း အချိန်နာရီနှင့်အမျှ ယနေ့ကမ္ဘာကြီးတွင် ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ ပညာရပ်အသီးသီးတို့၏ အလျင်နှုန်းကို အမီလိုက်နိုင်ဖို့ အစဉ်လေ့လာသင်ယူနေကြရမှာဖြစ်ကြောင်း၊ မောင်မယ်သစ်လွင်တို့သည် တစ်ချိန်မှာ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးအဖြစ် ပုံဖော်ထုဆစ်ကြမည့် မျိုးဆက်သစ် လူငယ်များပဲဖြစ်ကြကြောင်း၊ ဒီလိုအဖိုးတန်တဲ့ လူငယ်မျိုးဆက်သစ်တွေဟာ စည်းကမ်းရှိဖို့၊ ကိုယ်ကျင့်တရားတွေ ဖြူစင်သန့်ရှင်းဖို့နဲ့ မိမိဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတတ်ဖို့ အထူးလိုအပ်ပါကြောင်း၊ ဒါ့အပြင် မိမိတို့၏ ဘိုးဘေးဘီဘင်များက တည်ဆောက်ခဲ့ကြတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုးထိန်းသိမ်းတတ်ဖို့၊ ရိုးရာဓလေ့ထုံးစံတွေကို လေးစားတန်ဖိုးထားတတ်ဖို့ လိုအပ်သလို မိမိတို့သင်ကြားဆည်းပူးထားတဲ့ ပညာရပ်အသီးသီးဖြင့် ဒေသအကျိုးပြု၊ နိုင်ငံ့အကျိုးပြုတဲ့ သုတေသနလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်အောင်လည်း ပြည်တက္ကသိုလ်ကြီးရဲ့ ဘာသာရပ် အသီးသီးမှာရှိကြတဲ့ ဆရာ၊ဆရာမများက သင်ကြား လမ်းညွှန်ပို့ချပေးကြမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ သင်ကြားသင်ယူမှုတွေ ပြုလုပ်ဆောင်ရွက်နိုင်အောင်လည်း နိုင်ငံတော်က အခက်အခဲများကြားမှ ပညာရေးမနှောင့်နှေးရအောင် စီမံဖန်တီးပေးလျက်ရှိကြောင်း၊ မောင်မယ်သစ်လွင်တို့ ဘက်ကလည်း အဆင့်မြင့်ပညာတွေကို ဆည်းပူးသင်ယူလေ့လာလိုစိတ်၊ တက်ကြွလန်းဆန်းတဲ့ လူငယ်တို့ရဲ့ အားမာန်တွေကို မြင်တွေ့ရတဲ့အတွက် အထူးဂုဏ်ယူကြောင်းနှင့် လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုပါကြောင်း”ဖြင့် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်က မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားပြီး သင်ကြားရေးဆိုင်ရာဌာနမှူး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို မိတ်ဆက်ပေးသည်။ ဆက်လက်၍ သိပ္ပံဘာသာရပ်ဌာနများကိုယ်စား ဘူမိဗေဒ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းမင်းဦးက သိပ္ပံဘာသာရပ်များကိုလည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်ဌာနများကိုယ်စား မြန်မာစာ ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဝေက ဝိဇ္ဇာဘာသာရပ်များကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်ပြောကြားကာ သင်တန်းရေးရာဌာနမှူး ဦးထိန်လင်းက သင်တန်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကိုဆက်