ပေါက် မေ ၂၀
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် မေလဆန်းပိုင်းက မိုးစတင်ရွာသွန်းခဲ့ရာ မြို့နယ် အတွင်းရှိ အိုင့်ကိုင်းကျေးရွာအုပ်စု၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်စု၊ ခင်တန်းရှည်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာအုပ်စု၊ တောင်မြင့်ကျေးရွာအုပ်စုများရှိ ကျေးရွာတောင်သူများသည် မိုးသီးနှံများ စတင်ထွန်းယက် စိုက်ပျိုးနေပြီဖြစ်ကြောင်း ဒေသခံ တောင်သူများထံက သိရသည်။
"ကျွန်တော်တို့ သစ်ညီနောင်ကျေးရွာဘက်မှာ (၅) လပိုင်း ၅ ရက်နေ့က မိုးရွာတယ်၊ မိုးရွာသွန်းမှုက ထယ်ရေးပြင်ဖြစ်အောင် စိုက်လို့ရအောင် ရွာသွန်းခဲ့လို့ တောင်သူတွေအနေနဲ့ မိုးနှမ်းကော၊ ပင်ထောင်မြေပဲပါ မေလ ၆ ရက်နေ့ကစပြီး ကျဲလိုက်ပါပြီ၊ နွေကာလမှာကတည်းက ထွန်စက်နဲ့ အခြောက်ခုတ်ထားလို့ မိုးရွာလာတော့ နွားရှဉ်းနဲ့ မွှေနောက်ပြီး ကျဲလိုက်ကြတာပါ၊ အခုနှစ် နှမ်းစိုက်တာရော၊ ပင်ထောင်မြေပဲစိုက်တာရော ပျံကျပက်ကျဲစနစ် မဟုတ်ဘဲ (၃) သွားချောင်း ဖော်ပြီးစိုက်ကြပါတယ်။ လယ်ယာလုပ်သားရှားပါးတာရယ်၊ လုပ်အားခ ဈေးနှုန်း ကြီးမြင့်တာရယ်ကြောင့် ချောင်းစနစ်နဲ့ စိုက်တဲ့အတွက် အလုပ်သမားဦးရေများများ မသုံးရဘူး၊ ပေါင်းမြက်သုတ်သင်စရိတ် သက်သာတာပေါ့၊ ကျွန်တော့ယာခင်းကိုတော့ တနေကုန်အပြီးစိုက် လိုက်တာ ပြီးသွားပါပြီဟု" သစ်ညီနောင်ကျေးရွာမှ တောင်သူ ဦးဖိုးဇော်ကပြောသည်။
ပေါက်မြို့နယ် ယာကြီးပြင်၊ သံပုရာ၊ မြို့ခင်းသာကျေးရွာအုပ်စုရှိ တောင်သူများသည်လည်း လွန်ခဲ့သော (၃)ရက်ခန့်ကတည်းက မိုးရွာ၍ မိုးသီးနှံများစိုက်ပျိုးလျက်ရှိကြောင်း ပေါက်မြို့ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် မေလ(၁၅)ရက်နေ့ ညနေပိုင်းမှသာမိုးရွာသဖြင့် မေလ(၁၆)ရက်နေ့က စတင်ပြီးထယ်ရေးခံခြင်း၊ မိုးသီးနှံစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)