မိုးညို မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ယနေ့နံနက် ၇ နာရီက မြို့ပေါ်ရှိ ရွှေဥဒေါင်းရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရွှေဥဒေါင်းရပ်ကွက်အတွင်းရှိ နတ်ပြည်မွှေးလမ်းနှင့် ပေါ်ဆန်းမွှေးလမ်းရှိ နေအိမ်များသို့ သွားရောက်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းပြီး နေအိမ်များအတွင်း ရေစည်၊ ရေကန်၊ ရေအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်းများ ရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သတ်မှတ်ထားသောနေ့အလိုက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း