ပခုက္ကူတက္ကသိုလ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်

ပခုက္ကူ  မေ ၂၀

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူ (ပထမနှစ်)မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်အမှာစကား ပြောကြားသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဆင့်မြင့် တက္ကသိုလ်ပညာရပ်များကို စတင်သင်ယူလေ့လာတော့မည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များအနေဖြင့် ဗလငါးတန် ကြွယ်ဝပြည့်စုံပြီး အနာဂတ်တိုင်းပြည်အတွက် အားကိုး ယုံကြည်ရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖြစ်လာစေရေးတို့အတွက် အစဉ်လေ့လာကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကိုဗစ်-၁၉ ရောဂါကြောင့် တက္ကသိုလ်ကျောင်းများကို ခေတ္တပိတ်ထားခဲ့ရပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာ/သိပ္ပံ အရည်အချင်းစစ်သင်တန်း၊ မဟာဝိဇ္ဇာ/သိပ္ပံအတန်းများကို ပထမနှစ် ပညာသင်ကာလအဖြစ် ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ ၂၀၂၀ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၂ခုနှစ်၊ မေလ ၁၂ရက်နေ့မှာ ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း၊ ယခုနှစ် ပညာသင်နှစ်တွင် ဥပဒေပညာအထူးပြုဘာသာရပ်နှင့် စီးပွားရေးပညာ အထူးပြုဘာသာရပ်များကို တိုးချဲ့ဖွင့်လှစ်သင်ကြားကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာဝင်းဝင်းအိက ကျောင်းသား၊ ကျောင်းသူသစ်များ အဆောင်စည်းကမ်းနှင့် နေ့စဉ်ဝတ်စား နေထိုင်ပြုမူရမည့် အလေ့ကျင့်ကောင်းများအကြောင်းတို့ကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာခင်ခင်ထွတ်က ဝိဇ္ဇာနှင်သိပ္ပံဘာသာရပ်များအလိုက် သင်ကြားရေးပညာများအပြင် အတွေး‌အခေါ် အယူအဆ ဖြောင့်မတ်မှန်ကန်စေရေး ပြင်ပစာအုပ်၊ စာပေများလေ့လာ ဖတ်ရှုမှတ်သားရေး အကြောင်းတို့ကိုလည်းကောင်း၊ ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဌာနမှ ပါမောက္ခ(ဌာနမှူး)များက သင်ကြားပေးမည့် ဘာသာရပ်အကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့များက ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင် (၁၉၇)ဦးတို့အား လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားကြကြောင်း သိရသည်။

အလားတူ ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်) သင်တန်းနှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ(၁၀၈)ဦး တို့အား ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က အဆိုပါကောလိပ်ကျောင်း၊ မဟာသရေစည်သူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)