ပုသိမ် မေ ၁၉
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သစ်တောဦးစီးဌာနတွင် ၂၀၂၂ ခုနစ် မိုးရာသီအတွက် လူထုဖြန့်ချီစိုက်ပျိုးမည့် ပျိုးပင်များ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်စဉ် မိုးရာသီအတွက် ပျိုးပင်များ လျာထားစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင်လည်း စိုက်ပျိုးရန် ပျိုးပင်စုစုပေါင်း (၁၄၁၅၈၀၀) လျာထားလျက်ရှိသည်။
တိုင်းဒေသ စိမ်းလန်းစိုပြေသာယာစေခြင်းအားဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်၊ ယိုယွင်းပျက်စီးမှု ကာကွယ်ခြင်းကို အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ သိရှိစေရန်၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဒေသ၏ လိုအပ်ချက်ဖြစ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းနှင့် သစ်တောထွက်ပစ္စည်းများ ရရှိစေရန်နှင့် သဘာဝတောများ၏ အရည်အသွေးမြင့်တက်လာပြီး အဆင့်အတန်းမြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်စေရေးအတွက် ဌာနဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့များသို့ ပျိုးပင် (၂၁၅၀၉၀)ပင်၊ သစ်ပင်စိုက်ပျိုးပွဲတော်သို့ (၁၀၂၁၀) ပင်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်သို့ (၂၃၉၄၀)ပင်၊ ICM ဒီရေတောနှင့် အရိပ်ရပင်စိုက်ပျိုးပွဲသို့ (၁၁၃၁၀)ပင်၊ လမ်းဘေး ဝဲ၊ ယာ တစ်အုပ်တစ်မစိုက်ပျိုးခြင်းသို့ (၂၅၃၀၅)ပင်၊ ပြည်သူလူထုဖြန့်ဝေစိုက်ပျိုးခြင်းသို့ (၁၁၀၄၆၆၅)ပင်၊ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂)ဧကသို့ (၂၅၂၈၀)ပင်တို့ကို ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးမည့် ပျိုးပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ခရေ၊ မဟော်ဂနီ၊ ဝါး၊ ယူကလစ်၊ ပင်လယ်ဂဗွီး၊ မာလာလူတာ တို့ဖြစ်ပြီး ဒီရေတောများတွင် စိုက်ပျိုးရန်နှံ့ဗြူး၊ မဒမ၊ ဗျူးခြေထောက်(ဖို/မ)၊ ဗျုးအုပ်ဆောင်း ၊သမဲ့၊ ကျန၊ ကနစို စသည့် ပျိုးပင်မျိုးများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သစ်ပင်စိုက်ပျိုးတော်ပွဲများ ကျင်းပရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မြင့်ဟန်