ကသာပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ

ကသာ မေ ၁၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို မေလ(၁၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဩဝါဒအမှာစကားပြောကြားရာ ပညာရေးဒီဂရီကောလိပ်မှ ဒေသအတွက် ထူးချွန်ထက်မြက်သည့် ဆရာ/ဆရာမကောင်းများကို မွေးထုတ်ပေးလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်၊ အနာဂတ်၏ ပညာရေးပညာရှင်များဖြစ်အောင် ကြိုးစားကာ တာဝန်ကျသည့်နေရာများ၌ ပညာရေးရည်မှန်းချက်များနှင့်အညီ အနာဂတ်၏ ဘက်စုံထူးချွန်သည့် သားကောင်း၊ သမီးကောင်းများအား ကြိုးစားမွေးထုတ်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် မောင်မယ်သစ်လွင်များက “ယဉ်တကိုယ်မယ်”သီချင်းဖြင့် ကိုယ်ဟန်ပြ ဖျော်ဖြေကြပြီး ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း၏ အလှမောင်နှင့် အလှမယ်ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မောင်မယ်သစ်လွင်များက “လောကအားမာန်”နှင့် “တောင်ယာဝင်ချိန်” သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။

ကသာပညာရေးဒီဂရီကောလိပ်တွင် သင်ကြားရေး ဆရာ၊ ဆရာမပေါင်း(၃၆)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းတွင် ကျောင်းသား(၂၇)ဦး၊ ကျောင်းသူ(၃၂)ဦး၊ စုစုပေါင်း(၅၉)ဦး တက်ရောက်ပညာသင်ယူ လျက်ရှိကြောင်း၊ ယင်းအခမ်းအနားသို့ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက တက်ရောက် ကြကြောင်း သိရသည်။

နေခ (ပြန်/ဆက်)