ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်တွေ   မေ ၁၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူမေလ ၁၈ ရက်နေ့ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်၊ မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မြို့အသီးသီးတွင် စည်ပင်သာယာရေးအဖွဲ့များသည် အများပြည်သူထံမှ ဥပဒေစည်းကမ်းနှင့်အညီ အခွန်အခ အကောက်များ ကောက်ခံပြီး ပြည်သူများအတွက် အရေးကြီးသောဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရသည့် အဖွဲ့ဖြစ်ကြောင်း၊ မြို့ရွာသန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ သာယာလှပရေးလုပ်ငန်းများအပြင် လမ်း၊ တံတားတည်ဆောက်ရေး၊ မြို့ရေပေးရေးနှင့် အခြားပေးအပ်သည့် အများပြည်သူများ၏ လိုအပ်ချက် တာဝန်များကိုလည်း ထမ်းဆောင်ကြရသည့်အဖွဲ့လည်း ဖြစ်ကြောင်း၊ စည်ပင်သာယာရေး ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းတစ်ဦးလိုက်နာရမည့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး၊ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ စည်ပင်ဝန်ထမ်းများ၏ လုပ်ငန်းများသည် ပြည်သူများနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းများဖြစ်၍ ပြည်သူများနှင့် ယဉ်ကျေးစွာ ဆက်ဆံကြရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်လိုအပ်ကြောင်း၊ စည်ပင်လုပ်ငန်းများမှာ ပြည်သူလူထုပူးပေါင်းပါဝင်မှု ရှိလာစေရေး ဝန်ထမ်းများ အနေဖြင့် စည်းရုံးရေးမှူးကောင်း တစ်ယောက်ဖြစ်အောင် ဆောင်ရွက်တတ်ရန်လည်း လိုကြောင်း၊ ထို့အပြင် မိမိတာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ မိမိမြို့နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းစေတနာထား၍ အကြံကောင်းဉာဏ်ကောင်း ရှာဖွေပြီး  အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့မဈေးရှေ့၊ ကမ်းနားလမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် ဌာနအလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် ဝန်ထမ်းများက မြို့သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် အမှိုက်သိမ်းစနစ်အား ပြောင်းလဲဆောင် ရွက်မည့်အစီအမံ လျာထားချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများက မြို့များသန့်ရှင်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။

တင်ထွန်း (ပြန်/ဆက်)