သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ ဆောင်ရွက်

ပေါက်ခေါင်း    မေ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ရပ်ကွက်‌ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်‌ခြေနီ အသင်းအဖွဲ့များ ပူး‌ပေါင်း၍  ပေါက်ခေါင်းမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်အတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလ‌သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ရေစည်၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ခြင်များ‌ပေါက်ဖွားမှုမရှိစေရေးအတွက် အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများတင် ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများတာရှည်စွာ မထားနိုင်ရေး ဆောင်ရွက်ပေးကြပါရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်