သရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

သရက် မေ  ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဦးနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာများမှ “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့”  ဆိုင်းဘုတ်အား စိုက်ထူဖွင့်လှစ်ပြီး အမွှေးနံ့သာများ ဖြန်းပက်ခဲ့သည်။

သရက်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ၂၆ ရက် နေ့မှ ဇွန် ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး   အဆိုပါ အသိပညာပေးဆိုင်းဘုတ်မှာ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်အပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ၊ မိဘများ၊ ဆရာ/ ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်/ပြန်ဆက်