ဟင်္သာတ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယနေ့သည် မိမိတို့တက္ကသိုလ်ကြီး၏ မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း မောင်မယ်သစ်လွင်များကို မိမိတို့တက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မောင်မယ်သစ်လွင်များအနေဖြင့် လူကောင်း လူတော်များဖြစ်အောင် ကြိုးစားနေထိုင်ကြပြီး ဤတက္ကသိုလ်မှ ပို့ချမည့် ဘာသာရပ်အသီးသီးကို အလေးထား ကြိုးစားသင်ယူကြပြီး နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေကြောင်း ဆုမွန်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက္ကသိုလ်၏ ဘာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများနှင့် မိတ်ဆက်ပေးကာ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက မိမိတို့ ဘာသာရပ်များအလိုက် ရှင်းလင်းမိတ်ဆက်ခဲ့ကြသည်။ ထို့နောက် မောင်မယ်သစ်လွင်များ ကိုယ်စားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မောင်မယ်သစ်လွင်များက ဟင်္သာတတက္ကသိုလ်ရှိ ဘာသာရပ်များအလိုက် ခင်းကျင်းပြသထားမူများကို လိုက်လံကြည့်ရူခဲ့ကြကြောင်း သိရသည်။
ကိုဇော်