ကျိုက်လတ်၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ်စိုက်ထူ

ကျိုက်လတ် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အခြေခံပညာဦးစီးဌာနက ဦးဆောင်၍ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က (၁၁)လမ်းနှင့် ဦးပြုံးချိုလမ်းမကြီးထိပ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့် ၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ ၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဝင်းနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခြူးသိမ့်သိမ့်ထွန်းတို့က ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က (၁၇)ကျောင်း၊ အ.ထ.က(ခွဲ) (၁၀)ကျောင်း၊ အ.လ.က (၁၁)ကျောင်း၊ အ.လ.က(ခွဲ) (၁၇)ကျောင်း၊ အ.မ.က(လွန်) (၂၉)ကျောင်း၊ အ.မ.က (၁၁၄)ကျောင်း၊ စုစုပေါင်း (၁၉၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း၊ စုစုပေါင်း (၂၀၄) ကျောင်းတို့၌ မေလ (၂၆)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင် စသည့် စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ၊ မျက်နှာအကာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရီရီမြင့်(ပြန်/ဆက်)