မြို့သစ် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် ၂၀၂၂_၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်ကားလမ်းဘေး အဆိုပါကျောင်းမြေနေရာတွင် ယနေ့နံနက် ၈ နာရီက စိုက်ထူခဲ့သည်။
ရှေးဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ဆိုင်းဘုတ်အား စိုက်ထူ၍ ဖွင့်လှစ်ပေးခဲ့သည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိဖြစ်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိကြစေရန်အတွက် "ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်အပ်နှံပြီး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူများနှင့် မိဘများက ဆရာ/ဆရာမများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)