မင်းဘူး မေ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၆ ရက်နေ့မှ စတင်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးလျက်ရှိရာတွင် ကျေးရွာအုပ်စုပေါင်း ၃ အုပ်စု၊ တောင်သူ ၇၀ ဦး၏ မိုးစပါး ၁၈ ဧက၊ မိုးနှမ်း ၃၇၈ ဧကအတွက် ချေငွေပေါင်း ( ၄၀၅.၀၀ )သိန်း ထုတ်ချေးပေး သွားမှာဖြစ်ပြီး ချေးငွေများ ထုတ်ချေးပေးရခြင်းနှင့် ပတ်သက်၍ ခရိုင်မန်နေဂျာ ဦးနေလင်းက တောင်သူများအား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ်များနည်းတူ အချိန်စေ့ ကြွေးကျန်ပြေကျေသူ တောင်သူများကိုသာ လယ်ယာလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ-၇ မူရင်းများကို အာမခံရယူ၍ တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံထုတ်ယူသော စနစ်ဖြင့် ထုတ်ချေး ပေးသွားမှာဖြစ်ပြီး ချေးငွေများကို မေလ ၁၆ ရက်နေ့မှစတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေး ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ထို့အပြင် မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာအုပ်စု ၆၈ အုပ်စု၊ တောင်သူပေါင်း ၆၀၀၀ ဦး၏ စပါးဧက ၁၆၀၀၀ ဧက၊ အခြားသီးနှံ ဧက ၂၀၀၀၀ အတွက် စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်းပေါင်း (၄၄၀၀၀.၀၀ )ထုတ်ချေးဖို့ လျာထားလျက်ရှိကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ဇေယျာထက်(မင်းဘူး)