ပွင့်ဖြူ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် စေတနာအလှူရှင်များ စုပေါင်း၍ မေလ ၁၀ ရက်နေ့ကစပြီး လေးလက်မစက်ရေတွင်း တူးဖော်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါ လေးလက်မစက်ရေတွင်းမှ သောက်သုံးရေချိုများ စတင်ထွက်ရှိလာပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာသည် အိမ်ခြေ ၁၇၀ ခန့်ရှိပြီး၊ လူဦးရေ ၉၀၀ နီးပါး နေထိုင် လျက်ရှိကြောင်း သိရကာ ဒေသခံကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး ကျေးရွာတွင် စက်ရေတွင်းမရှိသည့်အတွက် နှစ်စဉ် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ကြုံတွေ့နေရသဖြင့် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး အတွက် စက်ရေတွင်း တူးဖော်နိုင်ရေး ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာသာမဂ္ဂီသုခ ပရဟိတအသင်းဥက္ကဋ္ဌ ဦးကျော်ဆန်းနှင့် ချိတ်ဆက်၍ အကူအညီတောင်းခံခဲ့ရာ ယခုအခါ အလှူရှင် ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် ( USA ) မိသားစုနှင့် ဆွေမျိုးသားချင်းများက အလှူငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပြီး ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက အလှူရှင်များ စုပေါင်းလှူဒါန်းပေးသည့် လေးလက်မစက်ရေတွင်းမှာ သောက်သုံးရေချိုများ စတင်ထွက်ရှိလာပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများက ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိတော့မည်ဖြစ်၍ ဝမ်းသာပျော်ရွှင်လျက် ရှိနေကြကြောင်းနှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ ရယူသုံးစွဲ ရာတွင် လွယ်လင့်တကူ ခပ်ယူသုံးစွဲနိုင်ရေးအတွက် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စက်ရေတွင်းအလှူရှင်ရရှိအောင် ကူညီအကျိုးဆောင်ပေးသည့် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတအသင်းဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောကြား၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )