နွားထိုးကြီး၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဩဂုတ်လ ၂၈ ရက်နေ့ကစတင်၍ ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့သို့ ဖြတ်သန်းသွားလာသည့် ကားများ၊ မော်တော် ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုယ်အပူချိန်များ တိုင်းတာခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ခရီးသွားပြည်သူများအား နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များမှတ်တမ်းယူခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)