သံတွဲ မေ ၁၉
ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကိုမေလ ယမန်နေ့ နံနက်၈:၃၀အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သံတွဲခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ သံတွဲခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းနှင့် ဝန်ထမ်းများ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သံတွဲခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ ဖွင့်လှစ်သည့် (အခြေခံ) ရှေးဦးပြုစုနည်းသင်တန်း (၁/၂၀၂၂)ကို မေ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၃)ရက်ကြာကာလအတွင်း ခရိုင်ကြက်ခြေနီအသင်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း၏ အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်းဒဏ်ရာအားပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အပူလောင်ဒဏ်ရာပြုစုခြင်း၊ သွေးဆုတ်ခြင်း သွေးလန့်ခြင်းနှင့် သတိမေ့မျောခြင်းအားပြုစုခြင်း အစရှိသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများကို ကျေးရွာ(၉)ရွာမှ သင်တန်းသား(၄၀)ဦးအား နေ့စဉ် နံနက်(၈:၃၀)နာရီမှ ညနေ(၅)နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
နေမျိုးအောင်(ခရိုင်ပြန်/ဆက်)