မိုးညို မေ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ သက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ မိုးသီတာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ဟင်္သာရွှေမြေ၊ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မိုးညိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သီးနှံပိုးမွှားကာကွယ်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျသုံးစွဲနည်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဦးမန်းထွန်းနေလင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ စိုက်ပျိုးသုံးစွဲနည်း များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က EM ပြုလုပ်နည်းနှင့် ငါးအမိုင်နိုပြုလုပ်နည်းများကို သင်ကြားပို့ချခဲ့ပြီး တောင်သူဦးကိုဦး၏ လယ်မြေအတွင်း၌ EM မြေဆွေးပုံပြုလုပ်နည်းအားလည်းကောင်း၊ တောင်သူတစ်ဦး၏ ခြံဝန်းအတွင်း၌ မှိုစိုက်ပျိုးနည်းအားလည်းကောင်း၊ ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများကိုယ်တိုင်ပါဝင်၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)