မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မင်းလှ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ၊ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်‌ချေးပေးခြင်းကို မေလ ၁၈ ရက်က စတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာဦးအောင်မြတ်မိုးက တောင်သူလယ်သမားများအနေဖြင့် သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြေကျေစွာပေးဆပ်ပြီးနောက် ချေးငွေရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲဆောင်ရွက်ကြရန်နှင့် ချေး‌ငွေများထုတ်ယူရာတွင် လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စုမှ မိုးစပါးစိုက်ပျိုးစရိတ် အစောဆုံးအကျေပေးဆပ်နိုင်သည့် ရွှေဝါမြိုင်ကျေးရွာအတွင်းရှိ တောင်သူ(၉)ဦး၏ ဧကပေါင်း(၅၇)ဧကအတွက် တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၈,၅၅၀,၀၀၀/-) သိန်းအားထုတ်ချေးပေးနိုင်ခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် တောင်သူ(၆၀၈၄)ဦး၏ စပါးစိုက်ဧကပေါင်း (၃၈၀၄၀)ဧကမှ တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၅၇၀၆၀)သိန်းအား   စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ သိရသည်။

ပေါက်စ(မင်းလှ)