လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း မေ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို မေ ၁၈ ရက်က စိန်တုံးကျေးရွာအုပ်စု အမကကျောင်းဝင်း၌ ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က စပါးအထွက် တိုးစေသော စိုက်နည်းများအကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ နေကြာသီးသန့် စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများပေးကာ သဘာဝဓာတ်မြေဩဇာ သုံးစွဲရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် စိုက်ပျိုးနိုင်ရေးနှင့် ကျွဲနွားများကို လွှတ်ကျောင်းစနစ်ထက် ခြံလှောင်စနစ်ဖြင့် မွေးမြူရေး အကြောင်းအရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေဥပဒေနည်းဥပဒေများအကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ လယ်ယာမြေရေရရှိရေး အသုံးပြုနည်းအကြောင်းအရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်ရေးနှင့် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ထင်းစိုက်ခင်း ပျိုးထောင်စိုက်ပျိုးနိုင်ရေး အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သော တောင်သူများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)