ငဖဲ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ပိုင်းကစတင်၍ မာန်အောင်ကျေးရွာအုပ်စုနှင့် မြစ်ဖျားကျေးရွာအုပ်စုမှ နွား(၁၇၅)ကောင်များ ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဒေါက်တာဆုပိုင်မြင့်ဦးတို့ ဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများ ပူးပေါင်းကာ မာန်အောင်ကျေးရွာတွင်နွား(၆၅)ကောင်၊ မရိုးကန်ကျေးရွာတွင် နွား(၁၆)ကောင်၊ မြစ်ဖျားကျေးရွာအုပ်စုတွင် နွား(၉၄)ကောင် စုစုပေါင်း နွား (၁၇၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ်မျှတစွာပါဝင်သော အစားအစာကို လုံလောက်စွာ ကျွေးမွေးရန်နှင့် စနစ်တကျ မွေးမြူနည်းများ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နည်းဆိုင်ရာအကြောင်း အရာများကိုလည်း တောင်သူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မယု (ငဖဲ)