ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုသို့ ဖြန့်ဖြူးရန် ပျိုးပင်ပေါင်း သုံးသောင်းငါးထောင် ကျော်ကို ယာယီပျိုး ဥယျာဉ်နှစ်ခုဖြင့် ပျိုးထောင်ထားရှိ

ဇီးကုန်း မေ ၁၈

ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာကွယ်ရန် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ ယခုနှစ် ပြည်သူလူထုသို့ ဖြန့်ဖြူးပေးရန် ပျိုးပင်ပေါင်း သုံးသောင်းငါးထောင်ကျော်ကို ယာယီပျိုးဥယျာဉ်နှစ်ခုတွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။

 ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ဖြန့်ဖြူးစိုက်ပျိုးရန်အတွက် ဇီးကုန်းမြို့နယ် သစ်တော ဦးစီးဌာနမှ ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ သင်းဝင်၊ ပျဉ်းမ၊ ငုရွှေဝါ စသည့်အပင်များကို မြို့မ(ယာယီ)ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၅၀၀၀)နှင့် ဘော်ဘင်(ယာယီ)ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၂၀၀၀၀)ကျော်ကို ပြုစုပျိုးထောင်ထားရှိလျက်ရှိသည်။ အဆိုပါပျိုးပင်များကို ပုဂ္ဂလိက တစ်ဦးချင်းစီအလိုက်သော်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များသို့ လည်းကောင်း မိုးရွာသွန်းမှုအခြေအနေအရ မေလကုန်မှ စတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇီးကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူများနှင့်အတူ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရွှေဖလားကြိုးဝိုင်း အကွက်အမှတ်(၁၀၇)၌ ပျိုးပင်တစ်ထောင်ကျော်ကို မေလ(၂၈)ရက်တွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများမှ မိမိတို့ခြံဝန်းများ အတွင်း စိုက်ပျိုးရန် ပျိုးပင်များကို လာရောက်တောင်းယူနိုင်ကြောင်းနှင့် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဇော်မိုးဦးထံမှ သိရသည်။

တင့်ဆွေ