ပူတာအို မေ ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ စည်ပင်၀န်ထမ်းများနှင့်အတူ ယနေ့ နံနက်(၇)နာရီက ပူတာအိုမြို့ပေါ်ရပ်ကွက်များ၌ သောက်သုံးရေ ပေးဝေနေမှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးစဉ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လက်ရှိဂါလံ (၃၀၀၀၀)ဆံ့ ရေဝေကန်နှစ်ကန်မှ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးနေမှုများ၊ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ဂါလံ(၃၀၀၀၀)ဆံ့ ရေဝေကန်နှစ်ကန်မှ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်သို့ သောက်သုံးရေဖြန့်ဝေနေမှုများကို ဆက်လက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက ဒုတ္တန်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက် နယ်နိမိတ်အစပ်ရှိ ဒေသခံပြည်သူ တစ်ဦး၏ရေတွင်း၌ သောက်သုံးရေရရှိမှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ ရေတွင်းပိုင်ရှင်က ယခုနှစ်တွင် မိုးများသောကြောင့် နွေ၊ မိုး၊ ဆောင်း သောက်သုံးရေရရှိကြောင်း၊ အခြားမိုးနည်းသောနှစ်များတွင် ပေ (၃၀)ခန့်ရှိ သောက်ရေတွင်းများ ခမ်းခြောက်သဖြင့် သောက်သုံးရေ အခက်အခဲကြုံတွေ့ရမှုကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် ဒုတ္ထန်ရပ်ကွက်ရှိ ဂါလံ (၃၀၀၀၀)ဆံ့ ရေဝေကန် သုံးကန်အား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ထူးကုမ္ပဏီ၏ လှူဒါန်းငွေဖြင့်လည်းကောင်း၊ ဒုတ္ထန်ရပ်ကွက်ရှိ ဂါလံ (၃၀၀၀၀)ဆံ့ ရေဝေကန်တစ်ကန်အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လှူဒါန်းငွေဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရေဝေကန်လေးကန်မှ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်သို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)