သာယာဝတီခရိုင်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

သာယာဝတီ မေ ၁၈

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ်ရာသီအလိုက်ထုတ်ချေးလျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများအနက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလ ၁၆ ရက်နေ့မှစတင်ကာ ၂၀၂၂ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား သာယာဝတီခရိုင်ဘဏ်ခွဲနှင့် မြို့နယ်ဘဏ်ခွဲ(၄)နေရာတွင် ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

သာယာဝတီခရိုင်အတွင်း သာယာဝတီခရိုင်ဘဏ်ခွဲအပြင် အုတ်ဖိုမြို့နယ်ဘဏ်ခွဲ၊ ကြို့ပင်ကောက်မြို့နယ်ဘဏ်ခွဲ၊ ဇီးကုန်းမြို့နယ်ဘဏ်ခွဲ၊ နတ်တလင်းမြို့နယ်ဘဏ်ခွဲတို့မှ မြို့နယ်များရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ(၂၅၁)ဦး၏ ဧကပေါင်း(၁၆၉၈)အတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် စုစုပေါင်း (၂၅၄၇)သိန်း ထုတ်ချေးပေးခဲ့ပြီး တစ်နှစ်လျှင်အတိုး (၅)ကျပ်နှုန်းသာ ကျသင့်သည့် ၂၀၂၂ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၀)ဧကအထိ လုပ်ကိုင်သူများအား မေလ ၁၆ ရက်နေ့မှစတင်ကာစက်တင်ဘာလကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေး အစည်းအဝေး၌ ခရိုင်/ မြို့နယ်မန်နေဂျာများမှ ချေးငွေထုတ်ချေးသည့်တောင်သူများသို့ ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ချေးငွေအဆိုပြုလွှာနှင့် ငွေချေးစာချုပ်(ကဘ-၈)တွင် ပါရှိသည့်အချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ၏ဆန္ဒအရ ချေးယူခဲ့ကြသည့်၊ အချိန်စေ့ရောက်ပြီးသည့်၊ ချေးငွေ​ကျေပြီးသည့် တောင်သူများအား ငွေချေးစည်းကမ်းသတ်မှတ်များနှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သာယာဝတီဘဏ်ခွဲမှ သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)