ပွင့်ဖြူ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကိုလည်း မွေးမြူလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်း ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု၊ လယ်ဖီလာကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ် သက်သာပြီး မွေးမြူရာတွင်လည်း ခြံဝန်းများခတ်၍ စနစ်တကျ မွေးမြူနိုင်သဖြင့် မွေးမြူလုပ်ကိုင်ရ အဆင်ပြေလျက်ရှိသည်။ သိုး၊ ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကောင်နှုန်း ပေါက်ဖွားလေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း သိရသည်။
“ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာတာ တစ်နှစ်ခွဲလောက် ရှိပါပြီ။ သိုး၊ ဆိတ် မွေးမြူရေး လုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ် သက်သာလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေပေါ် မူတည်ပြီးတော့ ရေကြည်ရာ မြက်နုရာဆိုသလို သိုး၊ ဆိတ် ခြံတွေကို ပြောင်းရွှေ့မွေးမြူလုပ်ကိုင်ရပါတယ်။ အဓိကတော့ သိုး၊ ဆိတ်တွေ အစာရေစာပေါများတဲ့နေရာတွေကို လွှတ်ကျောင်းနိုင်ဖို့အတွက်ပေါ့ ။ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းက တစ်နှစ်ကို အနည်းဆုံး သိုးပေါက်ငယ် နှစ်သားနဲ့ တစ်ဗိုက် မွေးမြူလေ့ရှိပါတယ်။ အကျိုးဖြစ်ထွန်း မယ်ဆိုရင် လေးကောင်အထိ ပေါက်ဖွား တတ်ကြပါတယ်။ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကို နိုင်ငံတော်ကလည်း ပြည်တွင်း၊ ပြည်ပသို့ဈေးကွက်သို့ တရားဝင် လွတ်လပ်စွာ ရောင်းဝယ်ခွင့် ခွင့်ပြုပေးထားတဲ့အတွက် ရောင်းသူဝယ်သူ အဆင်ပြေလို့ ကျွန်တော်တို့ ကျေးလက်နေ တောင်သူတွေ အတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းဟာ မိသားစု အပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေနေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာမှ သိုး၊ ဆိတ် မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်လွင်က ပြောပြသည်။
လှိုင်ဝင်းလေး ( ပြန်/ဆက်)