သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ မိုဘိုင်းဖုန်းဖြင့် ရုပ်သံ ရိုက်ကူး၊ တည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်

သထုံ  မေ  ၁၈

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့၊ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ မိုဘိုင်းဖုန်းဖြင့် ရုပ်သံ ရိုက်ကူး၊ တည်းဖြတ်ခြင်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဌာနအလိုက် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်နှင့် လက်ရှိကာလ နည်းပညာများကို ရင်းနှီးကျွမ်းဝင်ပြီး စနစ်တကျ အသုံးချတတ်စေရန် ရည်ရွယ်ကာ ယခုသင်တန်းကိုစီမံဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့် အမှာစကား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် တက်ရောက်ခဲ့သင်ကြားပြီးခဲ့သည့် ဝန်ထမ်းများက မိုဘိုင်းဖုန်းဖြင့် ရုပ်သံများရိုက်ကူးရာ၌ လိုအပ်သည်များ၊ ဆောင်ရန်ရှောင်ရန် အချက်များ၊ ရိုက်ကူးထားသည့် ရုပ်သံများအား မိုဘိုင်းဖုန်း၌ Kine Master နှင့် အခြား application များ အသုံးပြု၍ အရုပ်များနှင့် အသံများ စနစ်တကျ ထည့်သွင်းခြင်း၊ ပြည်သူစိတ်ဝင်စားအောင် တည်းဖြတ်ခြင်း၊ တည်းဖြတ်ပြီးသည့် ရုပ်သံအား ထုတ်လုပ်သိမ်းဆည်းခြင်းနှင့် ပေးပို့ခြင်း စသည်တို့ကို  ပြန်လည်ဆင့်ပွားကာ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ စု‌စုပေါင်း ၁၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(ခရိုင်ပြန်/ဆက်)