သဲကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

သဲကုန်း မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယမန်နေ့ကစ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေး၏ ဦးဆောင်မှုလမ်းညွှန်ဖြင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်(၃)ခု၊ကျေးရွာ (၃၉)ရွာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး