ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဖွင့်လှစ်

ရေး မေ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)သင်တန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီ အချိန်က အောင်သုခရပ်ကွက် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စတင်ဖွင့် လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ကိုင်နေသူများနှင့် မွေးမြူရေး စိတ်ပါဝင်စားသူများအား မိမိတို့မွေးမြူနေသည့် တိရစ္ဆာန်များ ကူးစက်ရောဂါများဖြစ်ပွားမှုလျော့ နည်းလာစေရန်၊ မေထုန်မဲ့နည်းဖြင့် မျိုးမြင့်သားစပ်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်များ ပွားများလာစေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး မွေးမြူသူများ ဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်သည်။ သင်တန်းတွင် မွေးမြူရေးတိစ္ဆာန်များ၏ အခြေခံ သိကောင်းစရာများနှင့် ကိုင်တွယ်ထိန်းချုပ်ခြင်း ဘာသာရပ်၊ ကျွဲ၊ နွားတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ခြင်း ဘာသာရပ်၊ ဝက်တွင် ဖြစ်ပွားတက်သော ရောဂါများနှင့် ကာကွယ်ခြင်းဘာသာရပ်နှင့် တိုင်းရင်းကြက်တွင် ဖြစ်ပွားတက်သော ရောဂါများနှင့် ကာကွယ်ခြင်း ဘာသာရပ်များကို  သင်တန်းသား (၁၀)ဦးအား မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ (၃)ရက်ကြာ ပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်အောင်မှ ပြောကြားသည်။

ရေး၊ ပြန်/ဆက်