ကလိန်အောင် မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က လူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့် ခံစားရသည့်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ လူငယ်များ လူကုန်ကူး မခံရအောင် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့သည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် အသိပညာဗဟုသုတ တိုးပွားလာရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်များပြသခြင်း ကာယ၊ ဉာဏပြိုင်ပွဲများကိုလည်း ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)