ရွှေတောင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၂) ဆု ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)