ကျောက်ကြီး မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့နံနက်ပိုင်းကစတင်ပြီး ကျေးရွာအုပ်စု(၂) အုပ်စုအတွင်းရှိ တောင်သူ (၁၀၅)ဦးကို ချေးငွေ (၁၂၈၂.၅၀)သိန်းအား ထုတ်ချေးပေးလျက်ရှိသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၂ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာအုပ်စု (၃၃)အုပ်စုရှိ ခန့်မှန်းတောင်သူ (၆၃၈၉)ဦး၊ မိုးရာသီ စိုက်ပျိုး ဧက (၄၇၁၁၂)ဧကကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ချေးငွေကျေပြီးသော တောင်သူများကို ဦးစားပေး ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစောလှဝင်းအောင်က ပြောကြား သည်။
ယခုနှစ်တွင်စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တစ်ပြိုင်တည်း လက်ခံဆောင်ရွက်ပေးလျက်ရှိရာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) မူရင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ချေးငွေစိစစ်ရေး အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ အတည်ပြုထောက်ခံချက်ဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။
မြို့နယ်ပြန်/ဆက်