ပြည် မေ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အများပြည်သူစားသုံးမည့် အသားအရည် အသွေးမြင့်မားတိုးတက်ရေးနှင့် ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် "အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်းသင်တန်း" ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူဝန်ထမ်းများ တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက သင်တန်းရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ခရိုင် ခြောက်မြို့နယ်ရုံးများမှ ဦးစီးမှူးများနှင့် ဌာနတွင်းဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၂၀ က တစ်ဦးချင်း မိတ်ဆက်စကားပြောကြားသည်။
သင်တန်းတွင် ယင်းဌာနတွင်း ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူ ၂၀ ကို " အသားအမျိုးအစား ခွဲခြားစိစစ်ခြင်း၊ အသားထဲတွင် သန်ရောဂါရှိ/မရှိနှင့် အခြားရောဂါများ ပါ/မပါစစ်ဆေးခြင်းအပါအဝင် စာသုံးသူပြည်သူများ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းရေးအတွက် အသားစစ်ဆေးခြင်း နည်းပညာများကို မေ ၁၈ မှ ၂၁ရက်အထိ သင်တန်းကာလ လေးရက်ကြာ စာတွေ့/ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းထံမှ သိရသည်။
ကိုဆက်