ဝမ်းတွင်းမြို့နယ်တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဝမ်းတွင်း မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မူမြစောမှ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းပေးရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ယခုသင်တန်းသည် အိမ်ရှင်မများနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်ချင်သူများအတွက် များစွာ အထောက်အကူဖြစ်စေနိုင်ပါကြောင်း၊ အရင်းနှီးနည်းနည်းဖြင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြင်း၊ မိမိတို့အိမ်တွင် အသုံးပြုနိုင်သော ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ခြင်း စသောအကျိုးကျေးဇူးများစွာရရှိစေပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆပ်ပြာဆီပြုလုပ်ပုံအဆင့်ဆင့်၊ ပါဝင်သောပစ္စည်းများဖြစ်သည့် N70 ဂျယ်၊ SLS အမြုပ်ကို ထွက်ပေါ်စေသောပစ္စည်း၊ Nacl ဆားပျစ်၊ အရောင် အစရှိသည်များကို အချိုးအစားအလိုက်အသုံးပြုပြီး အသင့်သုံးဆပ်ပြာဆီပြုလုပ်ပုံများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ မြို့ပေါ်ရပ်များရှိ စိတ်ပါဝင်စားသူများက တက်ရောက်ခဲ့ကြပြီး ဆပ်ပြာဆီပြုလုပ်နည်းနှင့် ပါဝင်သောပစ္စည်းများကို အချိုကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင် (ဝမ်းတွင်း)