ကြာအင်းဆိပ်ကြီး မေ ၁၈
စားသောက်ကုန်အသီးအနှံများတွင် သံပုရာသီးသည် စားသုံးသူများ စားသောက်သုံးစွဲမှုများသည့် အသီးအနှံများတွင် ပါဝင်ပြီး နှစ်ရှည်သီးနှံပင်ဖြစ်သည့် သံပုရာပင်သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကျေးရွာများ၌ ရာသီဥတုနှင့် သဘာဝရေမြေအနေအထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်အတွင်း၌ သံပုရာပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့် နွေရာသီများတွင် သံပုရာသီးများ များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်းသိရသည်။
အဆိုပါ သံပုရာပင်မှသံပုရာသီးမှာ နွေရာသီ မတ်လနှင့်ဧပြီလ လလယ်ဒုတိယအပါတ်အထိ သံပုရာသီးတစ်လုံးလျင် ငွေကျပ် (၁၀၀)မှ (၁၂၀) ကျပ်အထိ ဈေးနှုန်းကောင်းမွန်စွာ ရရှိသော်လည်း မေလမှစတင်ကာ မိုးရာသီတစ်လျှောက်တွင် သံပုရာသီးဈေးနှုန်းမှာ တစ်လုံးလျင် ငွေကျပ် (၃)ကျပ်မှ (၃)ကျပ်ခွဲသာရရှိပြီး ဈေးနှုန်းအဆမတန်ကျဆင်းလျက်ရှိပြီး အဆိုပါကာလများတွင် ဒေသခံသံပုရာခြံရှင် တောင်သူများမှာ ခူးဆွတ် ၍ သယ်ဆောင်ရောင်းချမှု နည်းပါးလာပြီး သံပုရာသီးရောင်းချမှုမှဝင်ငွေများမှာလည်း လျော့နည်းလာကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သံပုရာပင်စိုက်ပျိုးဧကပေါင်း (၅၀၀၀)ဧကကျော်ခန့်ရှိပြီး မြို့နယ်အတွင်း၌ထွက်ရှိသည့် သံပုရာသီးများကို မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့ မုဒုံမြို့စသည့် အခြားသောမြို့များနှင့် ရန်ကုန်မြို့သို့ပင် ကူးသန်းရောင်းဝယ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး