တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်း ဆောင်ရွက်

တာမွေ မေ ၁၈

မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်စသည့် မြန်မာ့ပညာရေး မျှော်မှန်းချက်တွေအတိုင်း ၂၀၂၂-ခုနှစ် ဇွန်လ (၁) ရက်နေ့မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနအပါအဝင်  သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် အဝေရာလမ်းရှိ အမှတ် (၂၆) အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား တာမွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အဆိုပါ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကျောင်းဝင်းအတွင်း ခြင်နှင့်ယင်များ ပေါက်ပွားမှုမရှိစေရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေအိုးများအတွင်း အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်းနှင့် ကျောင်းအင်္ဂါရပ်များနှင့် မညီညွတ်သည့် အမြင်မတင့်တယ်သည်များအား ဖယ်ရှားရှင်းလင်းခြင်းစသည်ဖြင့် ကျောင်းသား / သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)