မဟာအောင်မြေ မေ ၁၈
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ သင်တန်းသား/သင်တန်းသူများကို သင်တန်းမှ သင်ကြားပို့ချပေးပြီး လေ့လာသင်ယူခဲ့ကြသည့် အခြေခံရှေးဦးသူနာပြုစုနည်းပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်ကြရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးသန့်ဇင်ဦးက ပြောကြားသည်။
ဆက်လက်၍ သင်တန်းဆန်းစစ်ချက်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် သင်တန်းသား/သင်တန်းသူများအား ဦးစီးအရာရှိဦးဘိုဘိုဟန်က ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ဒု-မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝါဝါရွှေက ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကြက်ခြေနီရှေးဦးသူနာပြုစုနည်းသင်တန်းအား မေလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၂ဝ) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း