ထားဝယ် မေ ၁၈
မိုးရာသီတွင် စပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဆင်းသုခ(RS)မျိုးသန့်မျိုးပွားမျိုးစေ့အိတ်များအား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းစိုးက ဆင်းသုခ(RS)မျိုးသန့် မျိုးပွားမျိုးစေ့ကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး(၃)ခွ မျိုးကောင်းမျိုးသန့်ခြံမှ မှာယူထားခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွက် ဆင်းသုခ (၃၆၄)အိတ်နှင့် ကျော်ဇေယျ (၁၀)အိတ်၊ စုစုပေါင်း(၃၇၄)အိတ်ကို ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်းပြောကြားပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်ဒေသနှင့် ကိုက်ညီသော ဈေးကွက်အလားလာရှိပြီး မျိုးကောင်းမျိုးသန့်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး ခေတ်မီစိုက်ပျိုးစနစ်များကို လယ်ကွင်းထဲ အရောက် လေ့ကျင့်ပညာပေးလျက်ရှိကြောင်း၊ ဆင်းသုခ(RS)မျိုးသန့်မျိုးပွားမျိုးစေ့အိတ်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင်ဦးစီးမှူးဦးထွန်းမြက ယခုနှစ်မိုးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိနိုင်ရေး၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ ဧကထွက်နှုန်းမြင့်မားနိုင်ရန်၊ ဒေသဝမ်းစာဖူလုံနိုင်ရေးစသည့် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ တောင်သူများမျိုးသန့်၏ တန်ဖိုးကို သိရှိနားလည်ပြီးထွက်ရှိလာသော စီးပွားဖြစ်မျိုးသန့်မျိုးစေ့အားလာမည့် ရာသီများတွင် တောင်သူများ လိုအပ်နေသော မျိုးစေ့လိုအပ်ချက်များကို အခက်အခဲမရှိစေရေး လွယ်လင့်တကူရရှိနိုင်ရန်အတွက် ရည်ရွယ်ပြီး မျိုးစေ့ထုတ်လုပ်ငန်းအား ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက တောင်သူများအနေဖြင့် မျိုးသန့်မျိုးစပါးများသုံးသည့်အတွက် ထွက်လာမည့်စပါးမျိုးသန့်ဖြစ်သောကြောင့် တောင်သူအချင်းချင်းနှင့်အခြားဒေသများသို့ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ ရည်ရွယ်ချက်ဖြင့်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းစိုးနှင့်တာဝန်ရှိသူများက တောင်သူ(၁၀)ဦးအား ဆင်းသုခ(RS)မျိုးသန့် မျိုးပွားမျိုးစေ့ (၄၅) ဧက အားပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ရွှေပင်လယ်(ထားဝယ်)