တံတားဦး မေ ၁၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ တောင်သူများ မိုးဦးကာလတွင် ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
မိုးပဲတီစိမ်းများကို တန်ခူးလမှ ကဆုန်လအတွင်း စိုက်ပျိုးကာ တစ်လခွဲအကြာတွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း နှစ်လအကြာတွင် ပဲတီစိမ်း စတင်ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။
ပဲတီစိမ်းမျိုးအဖြစ် ရေဆင်း(၁၄)မျိုးကို တစ်ပြည်လျှင် ငွေကျပ်(၅၀၀၀)ဖြစ်ပြီး ယခင်နှစ်က ပေးဝယ်ကာ (၁၀)ပြည် ဝယ်ယူခဲ့ကြောင်း တောင်သူ ဦးညွန့်ဝေထံမှသိရသည်။ ပြီးခဲ့တဲ့နှစ်က (၃)ဧက စိုက်ပျိုးခဲ့၍ (၆၂)တင်း ထွက်ရှိပြီး မြေဩဇာမှာ တစ်ဧကကို (၁)အိတ်နှုန်းဖြင့်(၃)ဧကအတွက်(၃)အိတ်၊ တီဆူပါ မြေဩဇာဝယ်ယူကာ(၁၅၀၀၀၀)ကျပ် ကုန်ကျခဲ့ပါကြောင်း၊ ပိုးသတ်ဆေးများကိုလည်း စနစ်တကျ လိုအပ်သလိုအသုံးပြုရကြောင်း ယခုနှစ်တွင် ညရာသီဥတုမှန်ကန်၍ အောင်မြင်ဖြစ်ထွန်းလျှင် ဆွတ်ခူးချိန်၌ တစ်ဧကကို ၃၅တင်းမှ ၄၀ တင်းအထိ ပို၍အထွက်နှုန်းရရှိနိုင်ကြောင်း ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူဦးညွန့်ဝေထံမှသိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးရန် (၄၁၁၇၆)ဧက၊ မိုးနေကြာ စိုက်ပျိုးရန်(၃၀၉၁)ဧက၊ မျိုးစေ့ထုတ်နေကြာ (၂၀၀)ဧက၊ မိုးဝါစိုက်ပျိုးရန်(၃၂၅၀)ဧက လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးကျော်ကျော်ညွန့်ထံမှ သိရးသည်။
ရဲတင့်