ပိုင်ကျုံ မေ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်ထားသည့်တံတားအား မိုးရာသီတွင် ရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အဆိုပါလမ်းသည် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်ကျေးရွာအုပ်စုရှိကျေးရွာများ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီးအရှည် (၂) ဖာလုံရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၇၃.၅၀၉)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းခင်းခြင်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ မိုးနိုင်းကျေးရွာအုပ်စု၊ မိကြောင်ကျေးရွာ အုပ်စုနှင့်သမိုကျေးရွာ အုပ်စုမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာသွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)