စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ

စဉ့်ကူး မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ စာပေဖတ်ရှု လေ့လာလိုစိတ်တိုးပွားစေရန်၊ စာအုပ်စာစောင်များအား ချစ်မြတ်နိုးတတ်စေရန်နှင့် စာကြည့် တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခင်းကျင်းပြသခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် လူငယ်ကြိုက် ဗဟုသတရဖွယ်စာအုပ်များ၊ စကားပုံစာအုပ်များ၊ ဂျာနယ်/စာစောင်များ၊ ကာတွန်းရုပ်ပြ စာအုပ်များနှင့် ကလေးစာပေများစသည့် စိတ်ဝင်စားဖွယ် သုတရသ စာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲ များ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်ဆက်)