ရမည်းသင်း မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၂ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက နိုင်ငံတော်မှချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်နှင့်အညီ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြှင့်မားရေးနှင့်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလူငယ်များ အားကစားဖြင့်ကျန်းမာကြံ့ခိုင်မှုရှိစေရန် ရမည်းသင်းခရိုင်အတွင်း အားကစားသင်တန်းများ၊ လူထုအားကစားလှုပ်ရှားမှုများနှင့် ပြိုင်ပွဲများကိုစဉ်ဆက်မပြတ်ကျင်းပခြင်းကို ရှင်းပြောကြားပြီး အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုကာရမည်းသင်းခရိုင် လက်ရွေးစင် Myanmar Fitness Dance အကအားကစားမယ်တို့က စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် ဖျော်ဖြေကပြခဲ့ကြပြီး ပြိုင်ပွဲအတွက်အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခဲ့သည်။
ရမည်းသင်းခရိုင်အတွင်း ၂၀၂၂ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပျော်ဘွယ်မြို့နယ်ကိုယ်စားပြု (၃)သင်း၊ ရမည်းသင်းမြို့နယ် ကိုယ်စားပြု (၃)သင်းတို့ဖြင့် ပတ်လည်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)