မြို့သစ် မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များ ယမန်နေ့ညနေ ၅ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် အချက်အလက်များ မှန်ကန်စေရန် အားလုံး ပြည့်စုံစေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Data အတွင်း သိမ်းဆည်းခြင်း လုပ်ငန်းကို Excel Format အသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းများကို သတ်မှတ်ရက်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)