မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

အထက်မင်းလှ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက သာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသောဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အောင်ဗောဓိကျောင်းတိုက် ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ၃ကြိမ်ရွတ်ဆိုပြီး မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ရာ၊ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မေ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။ မင်းလှမြို့နယ်တွင် ကျင်းပပြုလုပ်သည့် မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲသို့ ကြွ‌ရောက်လာသည့် ဆရာတော် အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အချိုရည်များကို နေ့စဉ်ဆက်ကပ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)