မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်း ‌‌အထောက်အကူပြု စတီးလ်/သံဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပ

အထက်မင်းလှ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီးလ်/သံဂဟေဆက် သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး          ဦးဝေလင်းမောင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်၊ စတီးလ်/သံဂဟေဆက် အတတ်ပညာဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းမှ သင်ကြား‌ပေးသည့် နည်းပညာဖြင့် ဆက်လက်အသုံးချလုပ်ကိုင်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစန်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီးလ်/သံဂဟေဆက် သင်တန်းတွင် သင်တန်းသား(၂၅)ဦးအား မေလ ၃ ရက်နေ့မှ ၁၇  ရက်နေ့ထိ သင်တန်းကာလ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)