မော်လမြိုင် မေ ၁၈
၂၀၂၂ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ကျောင်းသား အားကစားပွဲတော်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘောလုံးပြိုင်ပွဲကို မြို့နယ်/ခရိုင်အဆင့် ပြည်နယ်လက်ရွေးစင် ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်၊ မွန်ပြည်နယ် ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ် ဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့ လက်ရွေးစင် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်စတဲ့ ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အားကစားမြှင့်တင်ခြင်းဟာ နိုင်ငံတော်ကို တည်ဆောက်ပေးနေခြင်း ဖြစ်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဘောလုံးအားကစားနဲ့ နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်တဲ့ မျိုးဆက်သစ် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန်၊ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ် ဂုဏ်ဆောင်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်းနှင့် ၂၀၂၂ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ၁၀ မြို့နယ် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုပြီး ၀န်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ၀န်ကြီးများနှင့် အဖွဲ့၀င်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားသမားများကွင်းအတွင်းက ပြန်လည်ထွက်ခွာခဲ့ကာ ကျိုက်ထို မြို့နယ်နှင့် ကျိုက်မရောမြို့နယ် အမျိုးသား ဘောလုံးအသင်းတို့က စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၁၉ )နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲသို့ အသင်း(၁၀)သင်းက တစ်သင်းလျှင် နည်းပြ၊ အုပ်ချုပ်သူအပါအ၀င် အားကစားသမား (၂၁)ဦး ဖြင့် ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်